Thursday, August 12, 2010

အလွမ်း

မသပ်ရပ် တဲ့ငါ့လက်တွေနဲ့
မင်းပုံရိပ် ကိုထုဆစ်
ငါ့နှလုံးသားကို နုသစ်စေခဲ့တယ်
ငါ့ကျောင်းစာအုပ်မှာ
ကဗျာတွေနဲ့ ပြည့်နှက်နေခဲ့သလို
ငါ့နှလုံးသား ကို
နင့်အချစ်တွေနဲ့ ဖူးပွင့်စေခဲ့တာပဲ
နင်ကိုးကွယ်တဲ့ ကြံကမ္မာဆိုတာက
ငါ့ကို အစိမ်းလိုက်ဝါးမြိုသွားတယ်
ဆွံ့ အ နေတဲ့ ငါ့နှုတ်ခမ်းအစုံက
နင့်နာမည်ကို ခေါ်နေတုန်းပဲ
ငါ့နှလုံးသားထဲက မပြီးဆုံးသေးတဲ့
ပန်းချီတစ်ချပ်မှာ
နင့်အပြုံးတွေ လစ်လပ်နေတယ်
ခြောက်သွေ့ခဲ့တဲ့ ငါ့မျက်ဝန်းတွေတောင်
စိုစွတ် တက်လာပြီ
နင်မှီ ဖူးတဲ့ ငါ့ပခုံးတွေက
နင့်ခေါင်းလေး ကိုတမ်းတနေတယ်
နင်ခိုဝင်ဖူးတဲ့ ငါ့ရင်ခွင်က
အရာရာလစ်ဟာနေတယ်
ချစ်ခြင်းအတွက်ငါ စစ်မခင်းဖူးခဲ့ပါဘူး
ဒါပေမယ့်
မျက်ဝန်းကောင်းကင်က မိုးတွေထစ်ချုန်း
ငါ့လက်သန်းကြွယ်ကိုချွန်
နှလုံးသွေးနဲ့
အလွမ်းဆိုတာကို အကြိမ်ကြိမ်
စာလုံးပေါင်းခဲ့ပြီးပြီ ........။ ။

ပြောက်ဆုံးသွားသော နေ့စွဲများ

အချိန်တွေကို ပြန်ပြောင်း
အတိတ်တစ်ခု ရဲ့ နေ့စွဲဟောင်း က ငါ့ခေါင်းထဲရောက်လာတယ်
  ငြိမ်သက်စွာ တိတ်ဆိတ်
  လ တစ်စင်းရဲ့ အလင်းရောင်က
အမှောင်ထုကို မဖောက်နိုင် တော့ဘူးလေ
စက္ကန့်တံတွေကို ကြည့် ငါရေတွက်နိုင်တာ
ဘာမှ မရှိခဲ့ဘူး
လမ်းတစ်ခုကို ငါလျှောက်
ငါ့အိမ်က လှေကားတွေက ပိုရှည်လာတယ်
မျက်စိကို ခဏမှိတ် ငါ့ဦးနှောက်ကို
ခဏ အကျည်းချထားလိုက်အုန်းမယ်
လေနှင်ရာ စီးမျှော ငါဆိုတာလဲ လွင့်မျှောသွားချင်မိတယ်
မနက် ဖြန်ဆိုတာတွေက
မနေ့က ဆိုပြီးဖြစ်လာတယ်
အနာဂတ် ဆိုတဲ့ တစ်ချိန်က စကားလုံးတွေက
အတိတ်လို့ အမည်ခံပြီး ပြန်မကောက်နိုင်အောင်
နောက်မှာ ကျန်နေခဲ့တာပဲ
ခဏလောက်ပေါ့
မှိုတက်နေတဲ့ နေ့ရက်တွေနား
ဖြတ်သွားချင်မိတယ်
အခွင့်ဆိုတာမရှိတော့
စီးမျှောနေတဲ့ နေစွဲတွေကြား
ဒရွတ်တိုက် ဆွဲပါသွားတယ်
ငါဟာ ရဲရင့်မှုရဲ့ စစ်သည်တော်တစ်ပါး
ငါ စစ်ခင်းခဲ့တာ ငါ့မျက်ရည်တွေနဲ့ပါ။