Monday, November 8, 2010

တစ်ခါက

တစ်ချို့  ညတွေက မှောင်လွန်းတယ်
ယောင်ယမ်း တိတ်ဆိတ် မလင်းတတ် သလိုပဲ ၊
မကာချ နိုင်တဲ့ တံခါးရွက်ကြားမှာ
လေ၀င်ချက်တွေ ရှိနေခဲ့ရဲ့ 

ဇာတ်သိမ်းခန်းက ကွာဟလွန်းတယ်
ငါ့လက်တွေက တစ်စုံတစ်ရာကို ရေးဆွဲနေတုန်း ၊
မိုးစက်တွေသာ ပြာကျသွားတယ်
ငါ့ခြေလှမ်းတွေက ဇွဲကောင်းနေတုန်း

ကြိတ်မှိတ်ပိတ်ပစ်
ငါကိုယ်တိုင်ပဲ သိမ်းခဲ့တဲ့ ဇာတ်က
ငါ့အိမ်မက်တွေ ကို ခြောက်လှန့်
တစ်ခါတစ်ခါ မီးတစ်ပွင့်လို
တစ်ချက်တစ်ချက် တောက်ပြနေတုန်း ၊

ခြောက်သွေ့  နေတဲ့ နှင်းဆီပွင့်ဖတ်တွေ ရှိမယ်
မခမ်းခြောက်နိုင်တဲ့ မိုးရေစက်တွေရှိတယ်
ထုံးစံအတိုင်း တစ်ခါတစ်ခါမှ လင်းတဲ့
မီးမလာတဲ့ ညတွေကြီးရယ် ၊

ငါဖြဲပစ်ခဲ့တဲ့ အတိတ်စာမျက်နှာတွေ
အခိုးအငွေ့ အဖြစ်ပျောက်ကွယ်
ဒါတောင် စာအုပ်ထဲက အနားစတွေက
အရာရာကိုပြန်ကာလှန်ကာ
 ပြောပြနေတုန်း.....။ ။

အင်းယားသို့

တစ်ယောက်ထဲလည်း
ထပ်တစ်လဲလဲ လေပြည်တွေအနား
အကြိမ်ကြိမ်အခါခါ ငါနားခဲ့တဲ့ အင်းယား ။ ။

သူငယ်ချင်းတွေနဲ့
ဟိုလျှောက်ဒီလျှောက်
ခုံ ရရင် ဂီတာခေါက် ငါတို့
သံစဉ်တွေ  လွင့်ပျံခဲ့တဲ့အင်းယား ။ ။

ဘယ်တော့မှ ရှာမရတော့မဲ့
ကောင်မလေးတစ် ယောက်ရဲ့
ချိုမြိန်ခဲ့တဲ့ နှုတ်ခမ်းပါး
မင်းလောက်မလှပါဘူး အင်းယား ။  ။

မိုးစက်တွေ ကြွေခဲ့တယ်
နွေညနေ လေပြည်တွေ ဝေ့ခဲ့တယ်
ဆောင်းနှင်းတွေကြား ဝိုးတစ်ဝါး
ငါ့ခြေလှမ်းတွေ မင်းဘေးနား
မပြတ်ခဲ့ပါဘူး အင်းယား ။  ။

ငါတို့ အနမ်းတွေဝေခဲ့တယ်
ငါတို့ နှုတ်ခမ်းတွေ…
ငါတို့ အချမ်းပြေ ထွေးပွေ့မှုတွေ
မင်း ပြုံးပြုံးကြီး ခိုးကြည့်ခဲ့တာ ငါသိပါတယ်
အင်းယား ။ ။

ငါတို့ ခဲတွေနဲ့ ပလုံ ခနဲ
မင်းဆီကို ပစ်ခဲ့ကြတယ်
မင်းကတော့ အပြုံးမပျက်ပါဘူး အင်းယား ။ ။

မင်းနံဘေးက မြက်ခင်းမှာ
လဲလျှောင်းရင်း ကြယ်တွေကို
ကောင်းကောင်း ငေးခဲ့တဲ့ မေ့မရတဲ့ညတွေ
ရှိခဲ့ တယ် အင်းယား ။ ။

အခုတော့ မင်းကိုထားလို့
ငါ့တို့ အားလုံး တစ်နေရာစီခြား
မင်းကော ငါ့ကို လွမ်းနေမှာ လား အင်းယား ။ ။

ငါတို့ထဲက တစ်ယောက်ယောက်
မင်းဆီကို ရောက်ခဲ့ရင်
ငါ့ကိုပြန်ပြောနိုင်အောင်
မင်းလဲ ခုံတွေမှာ လက်ဆော့ကာ
ငါ့ကို သတိရကြောင်း ရေးပေးပါလား အင်းယား ရာ ။ ။

နေ

(လွန်ခဲ့တဲ့ ၁၀ နှစ်သောအချိန်ကာလ၊ ပြည်ပမှာရေးခဲ့တဲ့ ကဗျာတစ်ပုဒ်)
အခုတော့ အင်းယားမှာခုံတွေမရှိတော့ပါဘူး။ 




အပင်အိုရဲ့ နွေညိုညိုပြဇာတ်

နံရံပေါ်က အလှတွေပျောက်ကွယ်
ခွေးတစ်ကောင်ရဲ့  ဟောင်သံတောင်
လှောင်ရီသံလား ရက်စက်တယ် ၊

ဟန်ဆောင်ထားတဲ့ အပြုံးတွေကွာကျ
အငြိုးမုန်တိုင်းတွေ လာ သမျှ
ကောင်းကင်ကြီးကငိုချ
တိမ်တွေပြိုကျ
ငါ့မှာ ငိုပြစရာမျက်ရည်တောင် မရှိခဲ့ဘူး ၊

လိုက်ကောက်ဖို့မလောက်တော့ဘူး ၊
သိရဲ့ နဲ့ရူးခဲ့တဲ့
ညဆိုတာတွေ ကိုလဲ အဆုံးမသတ်တတ်တော့ ၊

ရက်စက်တတ်တဲ့ မိုးစက်က
ခိုးထွက်တဲ့ ငါ့မျက်ရည်တွေကို
နင်းချေ ၊

အဆုံးသတ်မလှတဲ့
ဒဏ္ဍာရီ အတွက်
လူတကာရဲ့  ဟာသဆန်ဆန်
ပြဇာတ်တွေ ၊
ငါ့ကိုယ်ငါပဲပြန်နင်းချေ
ငါ့အတွက်တော့ ရာသီတိုင်းက
နွေတွေကြီးပဲ ၊

ကျို့ တို့ ကျဲတဲ ကြွေစရာ
တစ်ခြမ်းမှမရှိပဲ
ငါ့အကိုင်းတွေ ငါချိုးချ
မြို့  ပြရဲ့  ညတွေက
ခြောက်ချားမှုနဲ့ လှောင်ရီနေကြတယ် ။  ။




                                                          နေ

လှေတစ်စင်းရဲ့ မီးထွန်းချိန်

ပျော်ရွှင်မှုတွေ ကိုခွာချ
ငါ့ညတွေမှာ လိုက်ကာမရှိခဲ့ဘူး ၊
ကြယ်တစ်ပွင့်ရဲ့  စကားတွေကို ဘာသာမပြန်တတ်ခဲ့တော့
ကောင်းကင်ဆိုတာ ငါ့အတွက်
ဝေးနေတုန်းပဲ ၊

ပင်လယ်စပ်နားရောက်တာတောင်
ချောင်းကို မခွဲနိုင်သေးတဲ့ ငါးတစ်ကောင်လို
ငါ့အသိဥာဏ်တွေကိုက တုံးလွန်းတယ် ၊

သဲမှုန်ဟန်ဆောင်ထားတဲ့
ငါ့အတ္တတွေကို ခြေအစုံနဲ့ နင်းချေ
အဝေးဆုံးကို ထွက်သွားကြ ၊

ပထမဆုံးဆိုတဲ့ ဆေးလိပ်တစ်လိပ်ကို ငါ မီးညှိချိန်
လောင်ကျွမ်းသွားတာက
တစ်ဘ၀လုံးပဲ . . . ။    ။

                                                               နေ

ရှိနေမယ်

ငါ့အတွေးတွေ ကို ဆွဲဆန့်
မသပ်ရပ် တဲ့သဘောမျိုး  ၊
မြွေတစ်ကောင်ရဲ့ ကျောရိုးထက်
ငါ့အလွမ်းရဲ့ အငွေ့ အသက်တွေက ရှည်လျှားတယ်၊

မျက်လုံးတွေကို လိုက်ကာချ လိုက်တိုင်း
ပေါ်ပေါ်လာတဲ့ နင့်အပြုံးတွေ
ငါ့အမြင်တွေ အငွေ့  ပျံသွားအောင်
ဆေးကြောပစ်တောင် ကျန်နေသေးမယ် ၊

ဝင်သက်နဲ့ ထွက်သက်ကြား
ဗျာများ နေတဲ့ ငါ့နှလုံးသားက
အသိဥာဏ်တွေ အဆက်ဖြတ်
ငါ့သွေးတွေထဲက
နင့်ကို ချစ်တဲ့အချစ်တွေကို ဖျောက်ဖျက် မပစ်နိုင်တော့ ၊

အတိတ်ဆိုတဲ့ စာမျက်နှာတွေကိုပိတ် ၊
ငါမပါတဲ့ နင့်ရဲ့  ပျော်ရွှင်မှု ဆိုတဲ့ ပြဇာတ် တစ်ခုကို
ငါကြိတ်မှိတ် ထိုင်ကြည့်လို့ ၊
ငါ့နှလုံးသား တစ်ခုလုံး
အလွမ်းဆိုတဲ့ ခြတွေစားသွားတဲ့ အထိ
ငါရှိနေမယ်.............။

                                                       နေ

လတစ်စင်း သို့

အပြုံးတွေပြန်ကောက်ဖို့
ငါ့လက်တွေ စွံ့ အ လို့
အနောက်ကို ပြန်သွားဖို့
 ငါ့ခြေထောက်တွေက ချိန်းတပ်ခတ်ထားသလို

မိုးဘယ်လောက် ရွာရွာ ဒီလမ်းတွေက
ခြောက်ကပ် လာတယ်
မင်းရှိတဲ့ ဟိုတစ်နေရာ
တစ်ခါက အချိန်တွေဝေဖြာ
စိမ်းလန်းဖူး တာတွေပြောက်ရှ
ငါ့ မျက်လုံးတွေ ထဲမှာ
အရာရာ ညတွေကြီးပဲ

အိမ်မက်တွေထဲ
အတိတ်တွေနဲ့ လိုက်တမ်းပြေးတိုင်း
နေ့ဘက်တွေတောင် ယမ်းယောင်တမ်းတ
ငါ့ ညတွေ က အမြဲလိုလိုမှောင်နေခဲ့တာ

လဆိုတာ မရှိတော့ အမှောင်အတိပေါ့
ငါ လိုက်ရှာ
မိုးမြေအဆုံး ကမ္ဘာတုံးတဲ့အထိ
ငါ့ဟစ်ကြွေးမှုက
တောင်းပန်သံ
ကြောက်ကန်ကန်ပြီး
ပြန်ထွက်လာတယ်
"ဒီမှာလောက မင်းဖွတ်ထားခဲ့တဲ့
ငါ့ လလေး ပြန်ပေးကွာ " တဲ့။  ။

မော်ဒန်များ အကြောင်း

လေးလုံးတောင် မစပ်တတ်ပဲ
ကဗျာဆရာဖြစ် ၊
ဘ၀ဆိုတာကို အသစ်သစ်ပဲတပ်ခဲ့တော့
မျက်နှာဆိုတာတောင်မရှိတော့ဘူး  ။


ဘာမှန်းမသိတဲ့ တစ်ညမှာ
မီးခိုးတွေ စာရွက်ထဲထည့်မိလို့
ငါဖြစ်ခဲ့တာက ကဗျာဆရာ ၊
ဘ၀တူအရင်းအချာတွေကို ခေါ်လာ၊
လှေခါးထစ်တွေကို ရိုက်ချိုး
မနက်ဆိုတဲ့ ထမင်းအိုးဖို့  ..။


ဆက်လုပ်ကွာတဲ့
ဒေါင်လိုက်အလျှားလိုက်
ချောက်ကမ်းပါးကို နှိုက်လိုက်တော့
ကဗျာတစ်ပုဒ်က အမြှီးတုတ်လို့
ပြီးသွားတယ် ။


သူကတော့ အစ်ကိုကြီး
ကြက်တောင်စီးကို ပြင်စီး ၊
ဟိုလှုပ်ဒီလှုပ်
အမယ် လက်တောင်မဟုတ်
လူပါလှုပ်လို့ ၊
သွားတိုက်ဆေးတောင် မှင်ရောပြီးသုတ်
ဆေးမလောက်လို့တဲ့လေ  ။


အနှီး မျောက်စုတ်က
ပြီး အခြောက်ရုပ်နဲ့
လက်ကောက် ကတ်သုတ်
ဆေးအခြောက်မှုတ်တော့
အနီ အပြာ အ၀ါ ၊
ဆေးတွေအထပ်ထပ်
ဘေးကို ကပ်ရပ်
နာမည်တောင် တပ်လိုက်သေးတယ်
ဘာတဲ့ ပန်းချီ လူကဝေရီ ၊


ဟုတ်ပါတယ် တကယ်တော့
မော်ဒန်ဆိုတာ
ဒေါ်လာမဆန်တဲ့
လူတန်းစားတစ်ရပ်ရဲ့
စီးထွက်တဲ့
အသက်ရှုချက်တွေ.... ။   ။




                                                        နေ
                                                         21.Aug.2010

ဆူး

ကောင်းကင်ကတော့ ပြာမြဲပါပဲ
တိမ်တွေကသာ ရွေ့လျှားနေတာ
ပြာဖျော့ဖျော့ပေါ်မှာ ငါပျံသန်းဖို့
ဖြန့်ခဲ့တာက အတောင်ပံမဟုတ်ဖူး
ပွင့်ဖတ်ကိုတွေ ငါဆက်ခဲ့တယ်
ဒါပေမယ့် ပန်းတစ်ပွင့်တော့ ဖြစ်မလာဘူး
ဆူးတွေကို ရေတွက်ပြီးတန်ဖိုးဖြတ်တယ်
ရနံ့ ဆိုတဲ့ဘာသာရပ်ကို ငါမတတ်ခဲ့ဘူး
ကြယ်ဆိုတဲ့ အရာတွေကြွေကျတိုင်း
ငါလိုက်ရှာတယ်
ငါဆိုတာလဲ လင်းလက်ချင်ခဲ့လို့
နှင်းဆီတစ်ပွင့်ကို ငါနှစ်သက်တယ်
ဆူးထက်ထက်နဲ့ပေါ့
မကြောက်တတ်ခဲ့တာ
ဆွတ်ခူးမဲ့ ငါ့လက်တွေက မမာပါဘူး
ဆူးတွေထက်ပေါ့
ဒါပေမယ့်
ပန်းထွက်မဲ့ သွေးတွေကတော့
နှင်းဆီမက်လောက်အောင် ရဲရဲတောက်တယ် ။  ။



ညတစ်ခုရဲ့  လှောင်ရီသံ

နှလုံးသားကို ခက်နက်နက်
တူးဆွစရာ မလိုဘူး
မင်း အကြည့်တစ်ချက်နဲ့တင်
တံခါးအထပ်ထပ် ပွင့်ခဲ့ပြီပဲ

ငါ့နှလုံးသားကတော့ တစ်ထွာ မပြည့်ပါဘူး
မင်းကို ချစ်တာ
ပင်လယ်ထက်ပေပေါင်းများစွာ
နက်ရှိုင်းခဲ့တယ်

ငါ့နံရိုးကို ရိုက်ချိုး မင်းလိုချင်ရင်
ငါပေးမယ်
ငါ့ အသည်းကို ထုတ်လို့ပေါ့

ငါ့ရင်ဘတ်ရဲ့ ကန့်လန့်ကာနောက်မှာ
ငါ့နှလုံးသားက တိတ်ဆိတ် ငိုရှိုက်နေတယ်
မင်းကို မတွေ့တဲ့စက္ကန့်တိုင်းပေါ့

မနေ့ညက တိမ်တွေငိုချတယ်
မင်းကို လွမ်းတာရူးမတတ်ပဲ
နှလုံးသားမှာ နံပါတ်ရှိတယ်
လေလှိုင်း တစ်ခုအတွက်
လက်မှတ်မရှိဘူး

ငါ့မျက်လုံးတွေ မှိတ်ထားပါတယ်
ဒါပေမယ့်ငါ အိပ်ရေးပျက်တယ် ။