Tuesday, December 3, 2024

ရှေ့မြို့ရိုးမှာ 

လိပ်ပြာတွေဝဲ

ဘဝတချို့က…  

မရှိတဲ့ သိက္ခာတွေမွဲတတ်ကြရင်း...


လူယောင်ဆောင်ထားတဲ့ ဖွဲတွေလိုအပြိုင်….

လောင်ကျွမ်းနေကြတယ်၊


ဟုတ်တယ်….

အမှတ်တရများစွာထဲက 

လိပ်စာမရှိတဲ့ ဖိတ်စာတွေကြား၊ 


အရာရာဟာ လူးလွန့်ရင်း…

သံစဉ်တွေကို 

ချေမွထားတတ်ကြတယ်၊


မှောင်မိုက်တွေက 

အတိတ် တစက်စက်နဲ့ ၊ 

တိမ်စိုင်တွေကြားလွင့်ပျံကြရင်း…. 


မှင်ရေတွေကို အတင်းထွင်းထု၊

သစ်ပင်အတုတွေကို 

ပုံဖော်နေကြတယ်…၊


အရာရာ တိတ်ဆိတ်သွားတဲ့အခါမှ၊ 

ဒါဏ်ရာတွေကို ချော့သိပ်ကြရင်း…

နေရောင်တွေကြား 

အဓိပ္ပာယ်ကွက်ကျားနဲ့ 

အိပ်စက်နေကြလေရဲ့…။


နေ

ကွာဝေးမှုရဲ့ ခြေရာများ

ဝေးကွာခြင်းတဲ့လား

အဲ့ဒီ့တစ်စုံတစ်ရာက...

နှလုံးသားတွေကို မခြားနားနိုင်တဲ့အခါ၊


အလွမ်းတွေ တဆစ်ဆစ်နဲ့...

တမ်းတမိတဲ့ အနမ်းတွေ 

စိတ်ကူးတစ်လျှောက် လွင့်မျောနေလေရဲ့...


ကလေးရေ.. 

ခြောက်သွေ့သွားတဲ့ ဒါဏ်ရာတွေက 

ပိုနာကျင်ရမှန်း ...

ပျော်ရွှင်မှု Memories တွေက 

ပိုခံစားစေရမှန်း....


နာကျင်မှုတိုင်းကို ကုစားနိုင်တဲ့

ရင်ခွင်တစ်စုံက အစားထိုးမရနိုင်မှန်း...


ပျောက်ဆုံးသွားတဲ့ ဂရုစိုက်မှုတွေက 

ပိုလို့အဖိုးတန်မှန်း တစ်နေ့လူတွေ သိတဲ့အခါ...


အရာရာဟာ လေထုထဲမှာ 

လွင့်ရင်း...မျောရင်း...


သစ်ရွက်ခြောက်တွေကြား 

စုန်ဆန်နေတဲ့ ကျောရိုးဆစ်တွေ....

ကာရန်တွေကြားမှာ တဖျတ်ဖျတ်

လှုပ်လူးနေလေရဲ့ ....၊


နေ 

(၄.၁၂.၀၂၄)