Monday, November 8, 2010

ဆူး

ကောင်းကင်ကတော့ ပြာမြဲပါပဲ
တိမ်တွေကသာ ရွေ့လျှားနေတာ
ပြာဖျော့ဖျော့ပေါ်မှာ ငါပျံသန်းဖို့
ဖြန့်ခဲ့တာက အတောင်ပံမဟုတ်ဖူး
ပွင့်ဖတ်ကိုတွေ ငါဆက်ခဲ့တယ်
ဒါပေမယ့် ပန်းတစ်ပွင့်တော့ ဖြစ်မလာဘူး
ဆူးတွေကို ရေတွက်ပြီးတန်ဖိုးဖြတ်တယ်
ရနံ့ ဆိုတဲ့ဘာသာရပ်ကို ငါမတတ်ခဲ့ဘူး
ကြယ်ဆိုတဲ့ အရာတွေကြွေကျတိုင်း
ငါလိုက်ရှာတယ်
ငါဆိုတာလဲ လင်းလက်ချင်ခဲ့လို့
နှင်းဆီတစ်ပွင့်ကို ငါနှစ်သက်တယ်
ဆူးထက်ထက်နဲ့ပေါ့
မကြောက်တတ်ခဲ့တာ
ဆွတ်ခူးမဲ့ ငါ့လက်တွေက မမာပါဘူး
ဆူးတွေထက်ပေါ့
ဒါပေမယ့်
ပန်းထွက်မဲ့ သွေးတွေကတော့
နှင်းဆီမက်လောက်အောင် ရဲရဲတောက်တယ် ။  ။



ညတစ်ခုရဲ့  လှောင်ရီသံ

နှလုံးသားကို ခက်နက်နက်
တူးဆွစရာ မလိုဘူး
မင်း အကြည့်တစ်ချက်နဲ့တင်
တံခါးအထပ်ထပ် ပွင့်ခဲ့ပြီပဲ

ငါ့နှလုံးသားကတော့ တစ်ထွာ မပြည့်ပါဘူး
မင်းကို ချစ်တာ
ပင်လယ်ထက်ပေပေါင်းများစွာ
နက်ရှိုင်းခဲ့တယ်

ငါ့နံရိုးကို ရိုက်ချိုး မင်းလိုချင်ရင်
ငါပေးမယ်
ငါ့ အသည်းကို ထုတ်လို့ပေါ့

ငါ့ရင်ဘတ်ရဲ့ ကန့်လန့်ကာနောက်မှာ
ငါ့နှလုံးသားက တိတ်ဆိတ် ငိုရှိုက်နေတယ်
မင်းကို မတွေ့တဲ့စက္ကန့်တိုင်းပေါ့

မနေ့ညက တိမ်တွေငိုချတယ်
မင်းကို လွမ်းတာရူးမတတ်ပဲ
နှလုံးသားမှာ နံပါတ်ရှိတယ်
လေလှိုင်း တစ်ခုအတွက်
လက်မှတ်မရှိဘူး

ငါ့မျက်လုံးတွေ မှိတ်ထားပါတယ်
ဒါပေမယ့်ငါ အိပ်ရေးပျက်တယ် ။

Thursday, August 12, 2010

အလွမ်း

မသပ်ရပ် တဲ့ငါ့လက်တွေနဲ့
မင်းပုံရိပ် ကိုထုဆစ်
ငါ့နှလုံးသားကို နုသစ်စေခဲ့တယ်
ငါ့ကျောင်းစာအုပ်မှာ
ကဗျာတွေနဲ့ ပြည့်နှက်နေခဲ့သလို
ငါ့နှလုံးသား ကို
နင့်အချစ်တွေနဲ့ ဖူးပွင့်စေခဲ့တာပဲ
နင်ကိုးကွယ်တဲ့ ကြံကမ္မာဆိုတာက
ငါ့ကို အစိမ်းလိုက်ဝါးမြိုသွားတယ်
ဆွံ့ အ နေတဲ့ ငါ့နှုတ်ခမ်းအစုံက
နင့်နာမည်ကို ခေါ်နေတုန်းပဲ
ငါ့နှလုံးသားထဲက မပြီးဆုံးသေးတဲ့
ပန်းချီတစ်ချပ်မှာ
နင့်အပြုံးတွေ လစ်လပ်နေတယ်
ခြောက်သွေ့ခဲ့တဲ့ ငါ့မျက်ဝန်းတွေတောင်
စိုစွတ် တက်လာပြီ
နင်မှီ ဖူးတဲ့ ငါ့ပခုံးတွေက
နင့်ခေါင်းလေး ကိုတမ်းတနေတယ်
နင်ခိုဝင်ဖူးတဲ့ ငါ့ရင်ခွင်က
အရာရာလစ်ဟာနေတယ်
ချစ်ခြင်းအတွက်ငါ စစ်မခင်းဖူးခဲ့ပါဘူး
ဒါပေမယ့်
မျက်ဝန်းကောင်းကင်က မိုးတွေထစ်ချုန်း
ငါ့လက်သန်းကြွယ်ကိုချွန်
နှလုံးသွေးနဲ့
အလွမ်းဆိုတာကို အကြိမ်ကြိမ်
စာလုံးပေါင်းခဲ့ပြီးပြီ ........။ ။

ပြောက်ဆုံးသွားသော နေ့စွဲများ

အချိန်တွေကို ပြန်ပြောင်း
အတိတ်တစ်ခု ရဲ့ နေ့စွဲဟောင်း က ငါ့ခေါင်းထဲရောက်လာတယ်
  ငြိမ်သက်စွာ တိတ်ဆိတ်
  လ တစ်စင်းရဲ့ အလင်းရောင်က
အမှောင်ထုကို မဖောက်နိုင် တော့ဘူးလေ
စက္ကန့်တံတွေကို ကြည့် ငါရေတွက်နိုင်တာ
ဘာမှ မရှိခဲ့ဘူး
လမ်းတစ်ခုကို ငါလျှောက်
ငါ့အိမ်က လှေကားတွေက ပိုရှည်လာတယ်
မျက်စိကို ခဏမှိတ် ငါ့ဦးနှောက်ကို
ခဏ အကျည်းချထားလိုက်အုန်းမယ်
လေနှင်ရာ စီးမျှော ငါဆိုတာလဲ လွင့်မျှောသွားချင်မိတယ်
မနက် ဖြန်ဆိုတာတွေက
မနေ့က ဆိုပြီးဖြစ်လာတယ်
အနာဂတ် ဆိုတဲ့ တစ်ချိန်က စကားလုံးတွေက
အတိတ်လို့ အမည်ခံပြီး ပြန်မကောက်နိုင်အောင်
နောက်မှာ ကျန်နေခဲ့တာပဲ
ခဏလောက်ပေါ့
မှိုတက်နေတဲ့ နေ့ရက်တွေနား
ဖြတ်သွားချင်မိတယ်
အခွင့်ဆိုတာမရှိတော့
စီးမျှောနေတဲ့ နေစွဲတွေကြား
ဒရွတ်တိုက် ဆွဲပါသွားတယ်
ငါဟာ ရဲရင့်မှုရဲ့ စစ်သည်တော်တစ်ပါး
ငါ စစ်ခင်းခဲ့တာ ငါ့မျက်ရည်တွေနဲ့ပါ။

Sunday, July 18, 2010

ည

မှောင်မဲနေတဲ့ တိမ်တိုက်တချို့က

နက်မှောင်နေတဲ့ ကောင်းကင် ကိုဖုံးအုပ်ထားသလို၊


ငါ့ညရဲ့ကောင်းကင်မှာတော့

မတောက်ပတဲ့ ကြယ်တချို့နဲ့ပြည့်နှက်လို့၊ 


ညဆိုတဲ့အနက်ရောင်တစ်ခုက

ငါ့မျက်ဝန်းတစ်စုံကို မှေးမှိန်စေတယ်…၊


ဆွေးမြေ့နေတဲ့ အဝတ်တစ်ခုလို

ငါ့ အတွေးတွေက ဆုပ်ကိုင်လိုက်တိုင်းဆုတ်ပြဲသွားခဲ့


နာရီတစ်လုံးရဲ့ စက်သံတွေကို

ငါ့ ရင်ခုန်သံတွေက သံယောင်လိုက်နေလေရဲ့


တိတ်ဆိတ်နေတဲ့ ငါ့ဝေဒနာတွေက

ညနဲ့ ပေါင်းပြီး နက်နက်လာတယ်


ငါကတော့ ခံစားချက်ဆိုတာတွေကို ရေနဲ့ရောပြီး

မြိုချလိုက်ရဲ့


အပြုံးတစ်ခုက၊

ငါ့မျက်နှာမှာ ဝိုးတဝါး

ငါ မကြားချင်ဆုံး အသံတစ်ခုက ငါ့နားထဲမှာ

ကို့ယို့ ကားယား၊ တိုးလို့ဝင်ခဲ့.....


နောက်ဆုံးတော့ ညတစ်ခုရဲ့ဝါးမြိုခြင်းအောက်မှာ

မျှော်လင့်ချက်ဆိုတာတွေက အခိုးငွေ့တွေလို

လွင့်မျောသွားလေတယ်....။


                                                                        နေ

                                                                          6.7.2010

Wednesday, June 30, 2010

Lan Kyone Yin Pyaw Pay Par ( Music Video)



This video was make with one of my favourite song that "Lan Kyone Yin Pyaw Pay Par"!

Friday, April 30, 2010

ငါ

အတိတ်တွေကို
ဥပက္ခာလောင်းပြီး မြေဖို့ ၊
ပစ္စုပန်ကို
အပြုံးအတုတွေနဲ့ ဆေးခြယ်၊
အနာဂတ်ဆိုတဲ့
တောကိုအခုထိ ခုတ်ထွင်နေရတုန်း..။

ယုံကြည်မှုတွေကို
လျှော့ဈေးနဲ့ထုတ်ရောင်း၊
စာနာမှုတွေကို
ဓါတ်ဆီလောင်းပြီးမီးရှို့ ၊

ငါ့မှာအခုတော့
ဥပက္ခာတွေ တပွေ့တစ်ပိုက်နဲ့.......။



                                              Nay