Tuesday, December 3, 2024

ရှေ့မြို့ရိုးမှာ 

လိပ်ပြာတွေဝဲ

ဘဝတချို့က…  

မရှိတဲ့ သိက္ခာတွေမွဲတတ်ကြရင်း...


လူယောင်ဆောင်ထားတဲ့ ဖွဲတွေလိုအပြိုင်….

လောင်ကျွမ်းနေကြတယ်၊


ဟုတ်တယ်….

အမှတ်တရများစွာထဲက 

လိပ်စာမရှိတဲ့ ဖိတ်စာတွေကြား၊ 


အရာရာဟာ လူးလွန့်ရင်း…

သံစဉ်တွေကို 

ချေမွထားတတ်ကြတယ်၊


မှောင်မိုက်တွေက 

အတိတ် တစက်စက်နဲ့ ၊ 

တိမ်စိုင်တွေကြားလွင့်ပျံကြရင်း…. 


မှင်ရေတွေကို အတင်းထွင်းထု၊

သစ်ပင်အတုတွေကို 

ပုံဖော်နေကြတယ်…၊


အရာရာ တိတ်ဆိတ်သွားတဲ့အခါမှ၊ 

ဒါဏ်ရာတွေကို ချော့သိပ်ကြရင်း…

နေရောင်တွေကြား 

အဓိပ္ပာယ်ကွက်ကျားနဲ့ 

အိပ်စက်နေကြလေရဲ့…။


နေ

ကွာဝေးမှုရဲ့ ခြေရာများ

ဝေးကွာခြင်းတဲ့လား

အဲ့ဒီ့တစ်စုံတစ်ရာက...

နှလုံးသားတွေကို မခြားနားနိုင်တဲ့အခါ၊


အလွမ်းတွေ တဆစ်ဆစ်နဲ့...

တမ်းတမိတဲ့ အနမ်းတွေ 

စိတ်ကူးတစ်လျှောက် လွင့်မျောနေလေရဲ့...


ကလေးရေ.. 

ခြောက်သွေ့သွားတဲ့ ဒါဏ်ရာတွေက 

ပိုနာကျင်ရမှန်း ...

ပျော်ရွှင်မှု Memories တွေက 

ပိုခံစားစေရမှန်း....


နာကျင်မှုတိုင်းကို ကုစားနိုင်တဲ့

ရင်ခွင်တစ်စုံက အစားထိုးမရနိုင်မှန်း...


ပျောက်ဆုံးသွားတဲ့ ဂရုစိုက်မှုတွေက 

ပိုလို့အဖိုးတန်မှန်း တစ်နေ့လူတွေ သိတဲ့အခါ...


အရာရာဟာ လေထုထဲမှာ 

လွင့်ရင်း...မျောရင်း...


သစ်ရွက်ခြောက်တွေကြား 

စုန်ဆန်နေတဲ့ ကျောရိုးဆစ်တွေ....

ကာရန်တွေကြားမှာ တဖျတ်ဖျတ်

လှုပ်လူးနေလေရဲ့ ....၊


နေ 

(၄.၁၂.၀၂၄)

Tuesday, November 12, 2024

 အချစ်တဲ့လား..

လေထုထဲမှာ ပျောက်ကွယ်၊ 

တမြည့်မြည့်နဲ့ အရောင်ပြယ်လွင့်သွားတဲ့ 

ပန်းချီတစ်ချပ်လို

နှမြောသတကြီးစွာ...၊


အတိတ်က တဆစ်ဆစ်နဲ့ 

လည်ချောင်းတစ်လျှောက် ... 

ကိုက်ခဲနေလေရဲ့ ...၊


အရာရာ သုညလိုဖြစ်နေတဲ့ ကမ္ဘာ...၊

ပိုးစုန်းကြူးလိုပဲ ... အမှောင်ညမှာ 

တောင်ပံခတ်ထွက်ခွာသွားလေတဲ့ ...

ကျောပြင်လေးကိုငေးရင်းကြည့်ကာ၊ 


နှုတ်က တမြည် မြည်ပါပဲ၊ 

နေရစ်ခဲ့လေစေပြီပေါ့ ကလေးရယ်...။


နေ 

Friday, February 23, 2024

ထစ်ချုန်း အလွမ်း

 

တိမ်စိုင်တွေ ကင်းမဲ့ …

အရောင် ပြယ်လွင့်တဲ့ညတွေ...၊

အရာရာဟာ လ ဖွက်ထားတဲ့

 လိပ်ပြာ…။


မျက်ကန်းတစ္ဆေဖွတ်ထားတဲ့   

အတိတ်ဟာ...၊

မျှော်လင်းခြင်းအချို့ရဲ့ 

တိုက်စားမှုနဲ့အတူ၊

ညကို စစ်ကူ ခေါ်နေလေတယ်...။


အငွေ့အသက်ကင်းမဲ့တဲ့  

ကောင်းကင်...

သစ်လွင်ပြယ်လွင့်နေတဲ့ 

ပန်းချီတစ်ချပ်အောက် …..၊


အတိတ်ရဲ့လေပြေ … ၊ 

စိတ်ရဲ့ တစ္ဆေတစ်ကောင်လို … 

လွမ်းဆွတ်မှုတိုင်းဟာ 

မိုးစက်တွေလိုပဲ 

ထစ်ချုန်းနေလေရဲ့  … ။



နေ


မတည်မြဲသော



အခိုးငွေ့တွေ... လိုပဲ
ရင်ထဲ...
အရာရာဟာ ... လေလွင့်ပျောက်ကွယ်
အခုတော့အတူတူ...ရှိနေသေးတယ်
"အတိတ်"ဆိုတဲ့ ..စကားရပ်တစ်ခုအဖြစ်ပေါ့ ။

နေ 

(ဘယ်အချိန်က ရေးမိမှန်းမသိသော ကဗျာတစ်ပုဒ်။)

Monday, September 13, 2021

အချစ်

 ခက်ခဲတဲ့ပုစ္ဆာ၊

ကာရန်မရှိတဲ့ကဗျာ၊

အနားသတ်မရှိတဲ့ ပင်လယ်ပြင်တစ်ခုလို

အရာရာက သူ့ရဲ့အဘိဓာန်မှာကျယ်ပြန့်လွန်းတယ်.....။ 


နေ


Monday, September 23, 2019

ငါ

ခံစားချက်တွေကို စီရင်...
ပုံသဏ္ဍန် မမှန်တဲ့
ပြဌာန်းချက် သက်သက် တွေကိုလိုက်နာ..

ဒဿန တွေကို  ကိုယ်တိုင်ချီးမွှန်း.....
အတွေးတွေကို ကိုယ်တိုင်ကိုးကွယ်၊
အိမ်မက်တွေထဲမှာပဲ လူးလွန့်ရင်း..၊ 

တိတ်တဆိတ် ...
ရှင်သန်ရာပျောက်ရှနေတဲ့..
ကပ်ပါးကောင်လို..

မွန်းကြပ်မှုတွေကို ..
လှောင်ရယ်ရင်း၊

မနက်ဖြန်တွေကို..တဖြည်းဖြည်းခြင်း... သတ်ဖြတ်နေသူ.....။

နေ
21.9.2019

Monday, September 9, 2019

ည

ကဝေတွေကတဲ့ည..
မှန်တွေထဲမှာ ငါ့ကိုယ်ငါ ရှာမတွေ့ခဲ့ဘူး။

ကာရံတွေပျောက်ခဲ့ရ..
သံစဉ်တွေဟာရှတတနဲ့၊
လေအစုန်မှာ ... စုန်ဆန်ရင်း ဌက်တစ်ကောင်ဟာ..
အတောင်ပံတွေပျောက်ဆုံးနေလေရဲ့..။

အော်.... ညတဲ့ ...
အရာရာဟာ ....
ကိုယ့်ကိုယ် ကိုယ်ပျောက်ဆုံးခံရင်း...၊
လမင်းလေးရေ ....
မင်းနားခိုဖို့ ကောင်းကင်တစ်ခု
ဖန်ဆင်းပေးနေ လေရဲ့။ ။


နေ
၉၊ ၉၊ ၂၀၁၉

Sunday, March 16, 2014

ကျန်ရစ်ခဲ့သော

အပြုံးတွေကို အဆုံးသတ်ဖို့
 မ၀ံ့ရဲ
 ပျော်ရွှင်မှုတွေ ကို....နင်းခြေ
အရာရာကို
ဆုတ်ခြေဖြဲပြီး
ဗီလိန်တစ်ယောက်လို့ ကမ္မည်းထိုးပါစေတော့
အချစ်ကို စီးချင်းထိုးလို့
အမုန်းတွေကို ခံယူ
အရံလူအဖြစ်
နေရစ်ခဲ့သည်....။

Monday, November 8, 2010

တစ်ခါက

တစ်ချို့  ညတွေက မှောင်လွန်းတယ်
ယောင်ယမ်း တိတ်ဆိတ် မလင်းတတ် သလိုပဲ ၊
မကာချ နိုင်တဲ့ တံခါးရွက်ကြားမှာ
လေ၀င်ချက်တွေ ရှိနေခဲ့ရဲ့ 

ဇာတ်သိမ်းခန်းက ကွာဟလွန်းတယ်
ငါ့လက်တွေက တစ်စုံတစ်ရာကို ရေးဆွဲနေတုန်း ၊
မိုးစက်တွေသာ ပြာကျသွားတယ်
ငါ့ခြေလှမ်းတွေက ဇွဲကောင်းနေတုန်း

ကြိတ်မှိတ်ပိတ်ပစ်
ငါကိုယ်တိုင်ပဲ သိမ်းခဲ့တဲ့ ဇာတ်က
ငါ့အိမ်မက်တွေ ကို ခြောက်လှန့်
တစ်ခါတစ်ခါ မီးတစ်ပွင့်လို
တစ်ချက်တစ်ချက် တောက်ပြနေတုန်း ၊

ခြောက်သွေ့  နေတဲ့ နှင်းဆီပွင့်ဖတ်တွေ ရှိမယ်
မခမ်းခြောက်နိုင်တဲ့ မိုးရေစက်တွေရှိတယ်
ထုံးစံအတိုင်း တစ်ခါတစ်ခါမှ လင်းတဲ့
မီးမလာတဲ့ ညတွေကြီးရယ် ၊

ငါဖြဲပစ်ခဲ့တဲ့ အတိတ်စာမျက်နှာတွေ
အခိုးအငွေ့ အဖြစ်ပျောက်ကွယ်
ဒါတောင် စာအုပ်ထဲက အနားစတွေက
အရာရာကိုပြန်ကာလှန်ကာ
 ပြောပြနေတုန်း.....။ ။

အင်းယားသို့

တစ်ယောက်ထဲလည်း
ထပ်တစ်လဲလဲ လေပြည်တွေအနား
အကြိမ်ကြိမ်အခါခါ ငါနားခဲ့တဲ့ အင်းယား ။ ။

သူငယ်ချင်းတွေနဲ့
ဟိုလျှောက်ဒီလျှောက်
ခုံ ရရင် ဂီတာခေါက် ငါတို့
သံစဉ်တွေ  လွင့်ပျံခဲ့တဲ့အင်းယား ။ ။

ဘယ်တော့မှ ရှာမရတော့မဲ့
ကောင်မလေးတစ် ယောက်ရဲ့
ချိုမြိန်ခဲ့တဲ့ နှုတ်ခမ်းပါး
မင်းလောက်မလှပါဘူး အင်းယား ။  ။

မိုးစက်တွေ ကြွေခဲ့တယ်
နွေညနေ လေပြည်တွေ ဝေ့ခဲ့တယ်
ဆောင်းနှင်းတွေကြား ဝိုးတစ်ဝါး
ငါ့ခြေလှမ်းတွေ မင်းဘေးနား
မပြတ်ခဲ့ပါဘူး အင်းယား ။  ။

ငါတို့ အနမ်းတွေဝေခဲ့တယ်
ငါတို့ နှုတ်ခမ်းတွေ…
ငါတို့ အချမ်းပြေ ထွေးပွေ့မှုတွေ
မင်း ပြုံးပြုံးကြီး ခိုးကြည့်ခဲ့တာ ငါသိပါတယ်
အင်းယား ။ ။

ငါတို့ ခဲတွေနဲ့ ပလုံ ခနဲ
မင်းဆီကို ပစ်ခဲ့ကြတယ်
မင်းကတော့ အပြုံးမပျက်ပါဘူး အင်းယား ။ ။

မင်းနံဘေးက မြက်ခင်းမှာ
လဲလျှောင်းရင်း ကြယ်တွေကို
ကောင်းကောင်း ငေးခဲ့တဲ့ မေ့မရတဲ့ညတွေ
ရှိခဲ့ တယ် အင်းယား ။ ။

အခုတော့ မင်းကိုထားလို့
ငါ့တို့ အားလုံး တစ်နေရာစီခြား
မင်းကော ငါ့ကို လွမ်းနေမှာ လား အင်းယား ။ ။

ငါတို့ထဲက တစ်ယောက်ယောက်
မင်းဆီကို ရောက်ခဲ့ရင်
ငါ့ကိုပြန်ပြောနိုင်အောင်
မင်းလဲ ခုံတွေမှာ လက်ဆော့ကာ
ငါ့ကို သတိရကြောင်း ရေးပေးပါလား အင်းယား ရာ ။ ။

နေ

(လွန်ခဲ့တဲ့ ၁၀ နှစ်သောအချိန်ကာလ၊ ပြည်ပမှာရေးခဲ့တဲ့ ကဗျာတစ်ပုဒ်)
အခုတော့ အင်းယားမှာခုံတွေမရှိတော့ပါဘူး။ 




အပင်အိုရဲ့ နွေညိုညိုပြဇာတ်

နံရံပေါ်က အလှတွေပျောက်ကွယ်
ခွေးတစ်ကောင်ရဲ့ ဟောင်နေသံတောင်
လှောင်ရီသံလား ရက်စက်တယ် …..၊

ဟန်ဆောင်ထားတဲ့ အပြုံးတွေကွာကျ
အငြိုးမုန်တိုင်းတွေ လာသမျှ
ကောင်းကင်ကြီးကငိုချ
တိမ်တွေပြိုကျ
ငါ့မှာ ငိုပြစရာမျက်ရည်တောင် မရှိခဲ့ဘူး….၊

လိုက်ကောက်ဖို့မလောက်တော့ဘူး ၊
သိရဲ့နဲ့ရူးခဲ့တဲ့
ညဆိုတာတွေကို…. 

အဆုံးမသတ်တတ်တော့၊
ရက်စက်တတ်တဲ့ မိုးစက်က
ခိုးထွက်တဲ့ ငါ့မျက်ရည်တွေကို
နင်းချေ ၊

အဆုံးသတ်မလှတဲ့
ဒဏ္ဍာရီ အတွက်
လူတကာရဲ့ ဟာသဆန်ဆန်
ပြဇာတ်တွေ ၊

ငါ့ကိုယ်ငါပဲပြန်နင်းချေ
ရာသီတိုင်းက ငါ့အတွက်တော့ 
နွေတွေကြီးပဲ ၊

ကျို့တို့ ကျဲတဲ ကြွေစရာ
တစ်ခြမ်းမှမရှိပဲ
ငါ့အကိုင်းတွေ ငါချိုးချ
မြို့ ပြရဲ့ ညတွေက
ခြောက်ချားမှုနဲ့ လှောင်ရီနေကြတယ် ။  ။




                                                          နေ

လှေတစ်စင်းရဲ့ မီးထွန်းချိန်

ပျော်ရွှင်မှုတွေကိုခွာချ
ငါ့ညတွေမှာ လိုက်ကာမရှိခဲ့ဘူး ၊
ကြယ်တစ်ပွင့်ရဲ့ စကားတွေကို 
ဘာသာမပြန်တတ်ခဲ့တော့...
ကောင်းကင်ဆိုတာ ငါ့အတွက်
ဝေးနေတုန်းပဲ ၊

ပင်လယ်စပ်နားရောက်တာတောင်
ချောင်းကို မခွဲနိုင်သေးတဲ့ ငါးတစ်ကောင်လို
ငါ့အသိဉာဏ်တွေကိုက... 
တုံးလွန်းတယ် ၊

သဲမှုန်ဟန်ဆောင်ထားတဲ့
ငါ့အတ္တတွေကို ခြေအစုံနဲ့ နင်းချေ...
အဝေးဆုံးကို ထွက်သွားကြ ၊

ပထမဆုံးဆိုတဲ့ 
ဆေးလိပ်တစ်လိပ်ကို ငါ မီးညှိချိန်
လောင်ကျွမ်းသွားတာက
တစ်ဘဝလုံးပဲ . . . ။    ။

                                                             

ရှိနေမယ်

ငါ့အတွေးတွေ ကို ဆွဲဆန့်
မသပ်ရပ် တဲ့သဘောမျိုး  ၊
မြွေတစ်ကောင်ရဲ့ ကျောရိုးထက်
ငါ့အလွမ်းရဲ့ အငွေ့ အသက်တွေက ရှည်လျှားတယ်၊

မျက်လုံးတွေကို လိုက်ကာချ လိုက်တိုင်း
ပေါ်ပေါ်လာတဲ့ နင့်အပြုံးတွေ
ငါ့အမြင်တွေ အငွေ့  ပျံသွားအောင်
ဆေးကြောပစ်တောင် ကျန်နေသေးမယ် ၊

ဝင်သက်နဲ့ ထွက်သက်ကြား
ဗျာများ နေတဲ့ ငါ့နှလုံးသားက
အသိဥာဏ်တွေ အဆက်ဖြတ်
ငါ့သွေးတွေထဲက
နင့်ကို ချစ်တဲ့အချစ်တွေကို ဖျောက်ဖျက် မပစ်နိုင်တော့ ၊

အတိတ်ဆိုတဲ့ စာမျက်နှာတွေကိုပိတ် ၊
ငါမပါတဲ့ နင့်ရဲ့  ပျော်ရွှင်မှု ဆိုတဲ့ ပြဇာတ် တစ်ခုကို
ငါကြိတ်မှိတ် ထိုင်ကြည့်လို့ ၊
ငါ့နှလုံးသား တစ်ခုလုံး
အလွမ်းဆိုတဲ့ ခြတွေစားသွားတဲ့ အထိ
ငါရှိနေမယ်.............။

                                                       နေ

လတစ်စင်း သို့

အပြုံးတွေပြန်ကောက်ဖို့
ငါ့လက်တွေ စွံ့ အ လို့
အနောက်ကို ပြန်သွားဖို့
 ငါ့ခြေထောက်တွေက ချိန်းတပ်ခတ်ထားသလို

မိုးဘယ်လောက် ရွာရွာ ဒီလမ်းတွေက
ခြောက်ကပ် လာတယ်
မင်းရှိတဲ့ ဟိုတစ်နေရာ
တစ်ခါက အချိန်တွေဝေဖြာ
စိမ်းလန်းဖူး တာတွေပြောက်ရှ
ငါ့ မျက်လုံးတွေ ထဲမှာ
အရာရာ ညတွေကြီးပဲ

အိမ်မက်တွေထဲ
အတိတ်တွေနဲ့ လိုက်တမ်းပြေးတိုင်း
နေ့ဘက်တွေတောင် ယမ်းယောင်တမ်းတ
ငါ့ ညတွေ က အမြဲလိုလိုမှောင်နေခဲ့တာ

လဆိုတာ မရှိတော့ အမှောင်အတိပေါ့
ငါ လိုက်ရှာ
မိုးမြေအဆုံး ကမ္ဘာတုံးတဲ့အထိ
ငါ့ဟစ်ကြွေးမှုက
တောင်းပန်သံ
ကြောက်ကန်ကန်ပြီး
ပြန်ထွက်လာတယ်
"ဒီမှာလောက မင်းဖွတ်ထားခဲ့တဲ့
ငါ့ လလေး ပြန်ပေးကွာ " တဲ့။  ။

မော်ဒန်များ အကြောင်း

လေးလုံးတောင် မစပ်တတ်ပဲ
ကဗျာဆရာဖြစ် ၊
ဘ၀ဆိုတာကို အသစ်သစ်ပဲတပ်ခဲ့တော့
မျက်နှာဆိုတာတောင်မရှိတော့ဘူး  ။


ဘာမှန်းမသိတဲ့ တစ်ညမှာ
မီးခိုးတွေ စာရွက်ထဲထည့်မိလို့
ငါဖြစ်ခဲ့တာက ကဗျာဆရာ ၊
ဘ၀တူအရင်းအချာတွေကို ခေါ်လာ၊
လှေခါးထစ်တွေကို ရိုက်ချိုး
မနက်ဆိုတဲ့ ထမင်းအိုးဖို့  ..။


ဆက်လုပ်ကွာတဲ့
ဒေါင်လိုက်အလျှားလိုက်
ချောက်ကမ်းပါးကို နှိုက်လိုက်တော့
ကဗျာတစ်ပုဒ်က အမြှီးတုတ်လို့
ပြီးသွားတယ် ။


သူကတော့ အစ်ကိုကြီး
ကြက်တောင်စီးကို ပြင်စီး ၊
ဟိုလှုပ်ဒီလှုပ်
အမယ် လက်တောင်မဟုတ်
လူပါလှုပ်လို့ ၊
သွားတိုက်ဆေးတောင် မှင်ရောပြီးသုတ်
ဆေးမလောက်လို့တဲ့လေ  ။


အနှီး မျောက်စုတ်က
ပြီး အခြောက်ရုပ်နဲ့
လက်ကောက် ကတ်သုတ်
ဆေးအခြောက်မှုတ်တော့
အနီ အပြာ အ၀ါ ၊
ဆေးတွေအထပ်ထပ်
ဘေးကို ကပ်ရပ်
နာမည်တောင် တပ်လိုက်သေးတယ်
ဘာတဲ့ ပန်းချီ လူကဝေရီ ၊


ဟုတ်ပါတယ် တကယ်တော့
မော်ဒန်ဆိုတာ
ဒေါ်လာမဆန်တဲ့
လူတန်းစားတစ်ရပ်ရဲ့
စီးထွက်တဲ့
အသက်ရှုချက်တွေ.... ။   ။




                                                        နေ
                                                         21.Aug.2010

ဆူး

ကောင်းကင်ကတော့ ပြာမြဲပါပဲ
တိမ်တွေကသာ ရွေ့လျှားနေတာ
ပြာဖျော့ဖျော့ပေါ်မှာ ငါပျံသန်းဖို့
ဖြန့်ခဲ့တာက အတောင်ပံမဟုတ်ဖူး
ပွင့်ဖတ်ကိုတွေ ငါဆက်ခဲ့တယ်
ဒါပေမယ့် ပန်းတစ်ပွင့်တော့ ဖြစ်မလာဘူး
ဆူးတွေကို ရေတွက်ပြီးတန်ဖိုးဖြတ်တယ်
ရနံ့ ဆိုတဲ့ဘာသာရပ်ကို ငါမတတ်ခဲ့ဘူး
ကြယ်ဆိုတဲ့ အရာတွေကြွေကျတိုင်း
ငါလိုက်ရှာတယ်
ငါဆိုတာလဲ လင်းလက်ချင်ခဲ့လို့
နှင်းဆီတစ်ပွင့်ကို ငါနှစ်သက်တယ်
ဆူးထက်ထက်နဲ့ပေါ့
မကြောက်တတ်ခဲ့တာ
ဆွတ်ခူးမဲ့ ငါ့လက်တွေက မမာပါဘူး
ဆူးတွေထက်ပေါ့
ဒါပေမယ့်
ပန်းထွက်မဲ့ သွေးတွေကတော့
နှင်းဆီမက်လောက်အောင် ရဲရဲတောက်တယ် ။  ။



ညတစ်ခုရဲ့  လှောင်ရီသံ

နှလုံးသားကို ခက်နက်နက်
တူးဆွစရာ မလိုဘူး
မင်း အကြည့်တစ်ချက်နဲ့တင်
တံခါးအထပ်ထပ် ပွင့်ခဲ့ပြီပဲ

ငါ့နှလုံးသားကတော့ တစ်ထွာ မပြည့်ပါဘူး
မင်းကို ချစ်တာ
ပင်လယ်ထက်ပေပေါင်းများစွာ
နက်ရှိုင်းခဲ့တယ်

ငါ့နံရိုးကို ရိုက်ချိုး မင်းလိုချင်ရင်
ငါပေးမယ်
ငါ့ အသည်းကို ထုတ်လို့ပေါ့

ငါ့ရင်ဘတ်ရဲ့ ကန့်လန့်ကာနောက်မှာ
ငါ့နှလုံးသားက တိတ်ဆိတ် ငိုရှိုက်နေတယ်
မင်းကို မတွေ့တဲ့စက္ကန့်တိုင်းပေါ့

မနေ့ညက တိမ်တွေငိုချတယ်
မင်းကို လွမ်းတာရူးမတတ်ပဲ
နှလုံးသားမှာ နံပါတ်ရှိတယ်
လေလှိုင်း တစ်ခုအတွက်
လက်မှတ်မရှိဘူး

ငါ့မျက်လုံးတွေ မှိတ်ထားပါတယ်
ဒါပေမယ့်ငါ အိပ်ရေးပျက်တယ် ။

Thursday, August 12, 2010

အလွမ်း

မသပ်ရပ် တဲ့ငါ့လက်တွေနဲ့
မင်းပုံရိပ် ကိုထုဆစ်
ငါ့နှလုံးသားကို နုသစ်စေခဲ့တယ်
ငါ့ကျောင်းစာအုပ်မှာ
ကဗျာတွေနဲ့ ပြည့်နှက်နေခဲ့သလို
ငါ့နှလုံးသား ကို
နင့်အချစ်တွေနဲ့ ဖူးပွင့်စေခဲ့တာပဲ
နင်ကိုးကွယ်တဲ့ ကြံကမ္မာဆိုတာက
ငါ့ကို အစိမ်းလိုက်ဝါးမြိုသွားတယ်
ဆွံ့ အ နေတဲ့ ငါ့နှုတ်ခမ်းအစုံက
နင့်နာမည်ကို ခေါ်နေတုန်းပဲ
ငါ့နှလုံးသားထဲက မပြီးဆုံးသေးတဲ့
ပန်းချီတစ်ချပ်မှာ
နင့်အပြုံးတွေ လစ်လပ်နေတယ်
ခြောက်သွေ့ခဲ့တဲ့ ငါ့မျက်ဝန်းတွေတောင်
စိုစွတ် တက်လာပြီ
နင်မှီ ဖူးတဲ့ ငါ့ပခုံးတွေက
နင့်ခေါင်းလေး ကိုတမ်းတနေတယ်
နင်ခိုဝင်ဖူးတဲ့ ငါ့ရင်ခွင်က
အရာရာလစ်ဟာနေတယ်
ချစ်ခြင်းအတွက်ငါ စစ်မခင်းဖူးခဲ့ပါဘူး
ဒါပေမယ့်
မျက်ဝန်းကောင်းကင်က မိုးတွေထစ်ချုန်း
ငါ့လက်သန်းကြွယ်ကိုချွန်
နှလုံးသွေးနဲ့
အလွမ်းဆိုတာကို အကြိမ်ကြိမ်
စာလုံးပေါင်းခဲ့ပြီးပြီ ........။ ။

ပြောက်ဆုံးသွားသော နေ့စွဲများ

အချိန်တွေကို ပြန်ပြောင်း
အတိတ်တစ်ခု ရဲ့ နေ့စွဲဟောင်း က ငါ့ခေါင်းထဲရောက်လာတယ်
  ငြိမ်သက်စွာ တိတ်ဆိတ်
  လ တစ်စင်းရဲ့ အလင်းရောင်က
အမှောင်ထုကို မဖောက်နိုင် တော့ဘူးလေ
စက္ကန့်တံတွေကို ကြည့် ငါရေတွက်နိုင်တာ
ဘာမှ မရှိခဲ့ဘူး
လမ်းတစ်ခုကို ငါလျှောက်
ငါ့အိမ်က လှေကားတွေက ပိုရှည်လာတယ်
မျက်စိကို ခဏမှိတ် ငါ့ဦးနှောက်ကို
ခဏ အကျည်းချထားလိုက်အုန်းမယ်
လေနှင်ရာ စီးမျှော ငါဆိုတာလဲ လွင့်မျှောသွားချင်မိတယ်
မနက် ဖြန်ဆိုတာတွေက
မနေ့က ဆိုပြီးဖြစ်လာတယ်
အနာဂတ် ဆိုတဲ့ တစ်ချိန်က စကားလုံးတွေက
အတိတ်လို့ အမည်ခံပြီး ပြန်မကောက်နိုင်အောင်
နောက်မှာ ကျန်နေခဲ့တာပဲ
ခဏလောက်ပေါ့
မှိုတက်နေတဲ့ နေ့ရက်တွေနား
ဖြတ်သွားချင်မိတယ်
အခွင့်ဆိုတာမရှိတော့
စီးမျှောနေတဲ့ နေစွဲတွေကြား
ဒရွတ်တိုက် ဆွဲပါသွားတယ်
ငါဟာ ရဲရင့်မှုရဲ့ စစ်သည်တော်တစ်ပါး
ငါ စစ်ခင်းခဲ့တာ ငါ့မျက်ရည်တွေနဲ့ပါ။